လာလည်ကြသူ အရေအတွက်

Pages

Wednesday, November 26, 2014

အဖြူပေါ်က အမည်းတစ်စက်


ဟိုးအရင်က ဆရာတစ်ယောက်ဆီမှာ အရမ်း ချစ်ကြတဲ့ တပည့်နှစ်ယောက်ရှိတယ်တဲ့။ သူတို့နှစ်ယောက်က အမြဲ တတွဲတွဲ နေပြီး တစ်ယောက်နဲ့ တစ်ယောက်လည်း အမြဲ ကူညီ တတ်ကြတယ်။ ဆရာကြီးက သူ့တပည့်နှစ်ယောက်ကို ကြည့်ပြီး အမြဲဂုဏ်ယူနေတတ်တာပေါ့။
ဒါပေမယ့်တစ်ရက်မှာ ထူးထူးဆန်းဆန်း တပည့်နှစ်ယောက်သား စကားမပြောကြတော့ဘူးတဲ့။ ဆရာကြီးလည်း သူစိတ်ထင်လို့နေမှာပါဆိုပြီး ကြည့်နေလိုက်တယ်။
တစ်ရက်နှစ်ရက် မရ နောက်သုံးလေးရက်အထိ တစ်ယောက်နဲ့ တစ်ယောက်စကားမပြောတာ တွေ့လာတော့ သူမေးမှ ဖြစ်တော့မယ် ဆိုပြီး သူ့တပည့်နှစ်ယောက်ကို ခေါ်လိုက်တယ်။ ကဲ့ ဘာဖြစ်သလဲ မင်းတို့နှစ်ယောက်ဆိုတော့ တစ်ယောက်က

"သူ ကျွန်တော့်ကို တောင်ပေါ်တတ်တုန်းက အကြီးဆုံး နဲ့ အလေးဆုံး သစ်တုံး ကြီးကို တစ်လမ်းလုံး ၃နာရီကြာ "မ"ခိုင်းပြီး သူကတော့ ဗိုက်နာတယ်ဆိုပြီး အိမ်ရောက်တဲ့ အထိ ထင်းနည်းနည်းဘဲသယ်လာတယ်။"

နောက်တစ်ယောက်က ဝင်ပြောတယ်။
"တကယ်တော့ အရမ်းမနာပါဘူး ဆရာကြီး။ သူ အဲ့ည မတိုင်ခင်က ကျွန်တော့်ကို တမင် မုန့်သိုးကျွေးပြီး တစ်ညလုံး ဗိုက်နာစေလို့ တမင်ပြောခဲ့ရတာပါ။ အရမ်းကြီးမနာရင်တောင် နည်းနည်းတော့ နာနေခဲ့ပါသေးတယ်။"

ဆိုပြီး ဆရာကြီး ရှေ့မှာ ငြင်းကြသတဲ့။ နှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက် အပြိုင် အော်ဟစ် ငြင်းခုန် မရပ်နိုင်တော့ ဆရာကြီးက ဟိတ် လို့ အော်ပြီး

စာရွက်အဖြူ တစ်ရွက်နဲ့ မင်ကလောင်အမည်း ယူခဲ့သတဲ့။ ပြီးတော့ သူတို့နှစ်ယောက်ရှေ့မှာ စာရွက် အဖြူကိုပြပြီး

"ကဲ့ မင်းတို့ စာရွက်ပေါ်မှာ ဘာတွေ့သလဲ။" ဆိုတော့..

"ဘာမှ မတွေ့ပါဘူး" လို့ နှစ်ယောက်သား ဖြေတယ်။ ဆရာကြီးက စာရွက်ပေါ်မှာ မင်စက် သေးသေးလေး တစ်စက်ချလိုက်ပြီး ပြန်မေးတယ်။

"ကဲ့ အခုကော ဘာတွေ့သလဲ။"
ဆိုတော့ နှစ်ယောက်စလုံးက

"မင်မည်းတစ်စက် တွေ့ပါတယ်။"
လို့ နှစ်ယောက်သားဖြေတဲ့အခါမှာ ဆရာကြီးက

"အေး... မင်းတို့မျက်စီထဲမှာ ဒီလောက်ကြီးတဲ့ အဖြူရောင်ကြီးကို မမြင်ဘဲ ဒီလောက် သေးပြီး တစ်စက်ဘဲရှိတဲ့ အမည်းစက်လေးတစ်စက်ကိုဘဲ မြင်တာက လူ့သဘာဝပါ။ ကိုယ့်အပေါ်တစ်သက်လုံး ကောင်းလာတဲ့ သူတစ်ယောက်အပေါ်မှာလည်း မပြောစလောက် အမှားလေး သေးသေးလေးကြောင့် သူကိုယ့် အပေါ်ကောင်းတာတွေ့အားလုံး မေ့လိုက်တော့မယ်ဆိုရင်တော့ မင်းတို့ကိုယ်တိုင်လည်း အမြင်မှန်ရဖို့ လိုနေသေးတာပေါ့ကွာ။"
လို့ ဆုံးမ ပေးပြီးတဲ့ အခါမှာ သူငယ်ချင်းနှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက် ပြန် တောင်းပန်ပြီး အရင်ကထက်ချစ်ချစ်ခင်ခင် နေသွားကြတယ်တဲ့။

အမှားမလုပ်ဖူးတဲ့သူ မရှိပါဘူး။ ကိုယ်မှားတာ ကိစ္စမရှိ သူများမှားတာ လုံးဝ မဖြစ်သင့်ဘူးဆိုတာလေးတွေ ဖြစ်လာခဲ့ရင် ကိုယ့်အပေါ်ကောင်းခဲ့တာလေးတွေ ပြန်တွေးပြီး ခွင့်လွှတ်နားလည်ပေးလိုက်တာဟာ မြင့်မြတ်လှပါတယ်။

0 comments:

Post a Comment

FBသူငယ်ချင်းများ ခြေရာလေးတော့ ချန်ထားခဲ့ပါ